ကံယုံ၍ ဆူးပုံမနင်းရာ။ ။ ဆူးပုံကို နင်းလျှင် စူးမည်သာဖြစ်၍ မိမိကံကောင်းလှသည်ဟု ကံကိုယုံပြီး ဆူးပုံကို မနင်းသင့်သကဲ့သို့ ဒုက္ခဖြစ်စေနိုင်သော ကိစ္စမှန်သမျှ ကံကို ယုံပြီး ဇွတ်မပြုလုပ်သင့်။ ( ကံယုံ ဆူးချုံမတိုးနှင့် - ဟူ၍လည်း အသုံးရှိသည်။ ) ကံ ယုံ မီးပုံ မဆင်းရာ - နှင့် တူတူ။

“ကမ္မံ သတ္တေ ၀ိဘဇ္ဈတိတဲ့။ ကံသာလျှင် အဖ၊ ကံသာလျှင် အမိ။ သို့သော်လည်း ကံကို ယုံ၍ မနင်းထိုက်ဘူးပေါ့။”
ကျမ်းကိုး။ ။ [၁၃၂၅] ယဉ်ကျေးမှု ၄၊ ၁။ ၈၄။

ကံယုံ၍ မီးပုံမဆင်းရာ။ ။ ကံယုံ၍ ဆူးပုံမနင်းရာ နှင့် အတူတူ
“ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ”
ကျမ်းကိုး။ ။[၁၂၆၆] မဃ ၂၄၅။

{ZaunG}